ဖေဖေ တာဝန်ကျရာ ရှမ်းပြည်နယ် အရှေ့ပိုင်းရဲ့မြို့တော်ကို ကျွန်တော်ရောက်တော့ ဆောင်းဦးပေါက်ကာစပဲ ရှိသေးတယ်။ ဖေဖေတို့ပြောင်းရတုန်းက ကျွန်တော်က ဆယ်တန်းတက်နေတုန်း ဆိုတော့ ချက်ခြင်းလိုက်မသွားဖြစ်ဘူး။ အောင်စာရင်း ထွက်ပြီးတော့မှပဲ ရောက်ဖြစ်တာ။ နယ်စပ်မြို့လေးပီပီ အလုပ်အကိုင် အခွင့်အလမ်းတွေ များတော့ လူတိုင်းနီးပါး စီးပွါးရေး ပြေလည်ကြတယ်။ မိုးတွင်းမှာသာ ရေများတတ်ပြီး နွေဆိုရင် ရေက ပေါင်လည်လောက်ပဲ ရှိတဲ့ ချောင်းလေးတစ်ခုကို ခြံစည်းရိုးအဖြစ် ခြားထားတဲ့ ဟိုမှာဘက် ကမ်းဆီမှာတော့ ထိုးထိုးထောင်ထောင် တိုက်ကြီးတွေက ဒီဘက်ကမ်းကို မင်းနုပါသေးတယ် ဆိုတဲ့ အထာနဲ့ လှမ်းကြည့်နေတယ်။ တောင်ပေါ်မြို့တွေ ရဲ့ ထုံးစံ အတိုင်း သမမျှတတဲ့ ရာသီဥတုနဲ့ နေလို့ကောင်းတဲ့မြို့လေးရယ်ပါ...။ 
                  ညနေခင်းဆို လူရောင်စုံတွေ ဆိုင်ကယ် ရောင်စုံတွေက တစ်နေကုန် ပင်ပန်းခဲ့သမျှကို ဘုရားကုန်းပေါ်ကနေ တစ်မြို့လုံးရဲ့အလှကို စီးမိုးကြည့်ရင်း ၊ လက်ဖက်ရည်ဆိုင်မှာ လေကန်ကြရင်း ၊ နှုတ်ခမ်းနီမလေး တစ်ချို့နဲ့ စကားတွတ်ထိုးရင်း အနားယူဖို့တာစူကြပြီ....။
                   ရောက်ခါစ ဆိုတော့ အပေါင်းအသင်းကလည်း မရှိ ဘယ်သွားရမှန်းလည်း မသိတာရယ်ကြောင့် အချိန်ပြည့်အားနေတာကို စာအုပ်တွေနဲ့ပဲ အဖော်ပြုနေရတဲ့ ကျွန်တော်... တစ်ညနေမှာ သူ့ကို စတွေ့ခဲ့တာ...။

  

0 comments:

Post a Comment